Home > Articles > Software နဲ့ Product ဘယ်လို ကွဲတယ် ဆိုတာ

Software နဲ့ Product ဘယ်လို ကွဲတယ် ဆိုတာ

Software နဲ့ Product ဘယ်လို ကွဲတယ် ဆိုတာ

Ko Aung Pyae Phyo | 30 September, 2020

Article Description

အတွေ့အကြုံ ရှိတဲ့ Developer ဘဝကနေ Product သမားတစ်ယောက်ဖြစ်လာဖို့ ကြိုးစားကြသူတွေအနေနဲ့ ပထမဦးဆုံး ရှင်းရှင်းလင်းလင်း ကွဲပြားသင့်တာက “(ကိုယ် Code တွေ ရေးနေတဲ့) Software ဆိုတာနဲ့ Product ဆိုတာနဲ့က (စကားလုံး မတူတာက လွဲရင်) သဘောတရားချင်း အတူတူပဲလား” ဆိုတာနဲ့ ၊ မတူဘူး ဆိုရင်လဲ ဘာတွေ မတူတယ် ဆိုတာကို နားလည်ဖို့ ဖြစ်ပါတယ် ။

လက်ညိုးထိုးပြရတဲ့ အရာကတော့ အတူတူ ပါပဲ ။ Mobile App တစ်ခု တည်ဆောက်ထားတယ်ဆိုရင် Developer က Software ပါဆိုပြီး လက်ညိုးထိုးပြရင်လဲ ဒီ Mobile App ပဲ ဖြစ်နေမှာ ဖြစ်ပြီး Product သမားက (Digital) Product အနေနဲ့ ဆိုရင်လည်း ဒီ Mobile App ကိုပဲ ရည်ညွှန်းတာ ဖြစ်နေမှာပါ ။

 

Developer တစ်ယောက်အနေနဲ့ ဒီ Mobile App တစ်ခုကိုပဲ Software ဆိုတဲ့ ဘောင်ကနေ ကျော်ပြီး Product အခု အနေနဲ့ ချဉ်းကပ်တော့မယ် ဆိုရင် ပထမဦးဆုံး အဆင့် အနေနဲ့ အောက်က အချက် ၃ခုကို ထပ်မံ ဖြည့်သွင်း စဉ်းစားဖို့ လိုအပ်ပါမယ် ။

 

ပထမဦးဆုံး အချက် ကတော့ “အကျိုးအမြတ်ဖြစ်ထွန်းနိုင်မှု (သို့) အလားအလာ” ဖြစ်ပါတယ် ။ Developer တစ်ယောက်အနေနဲ့ Mobile App တစ်ခုကို တည်ဆောက်နေစဉ်မှာ ကိုယ်တည်ဆောက်နေတဲ့ Mobile App ရဲ့ အကျိုးအမြတ်ဖြစ်ထွန်းနိုင်မဲ့ပုံစံ ဒါမှမဟုတ် အနာဂတ် အလားအလာ ဆိုတာကို မဖြစ်မနေ ထည့်ပြီး စဉ်းစားနေစရာ မလိုသေးပါဘူး ။

 

ဒါပေမဲ့ ဒီ Mobile App ကိုပဲ Product တစ်ခုအနေနဲ့ မြင်ကြည့်ဖို့ ကြိုးစားမယ် ဆိုရင်တော့ ဒီ Product ကနေ ဘယ်အချိန်မှာ ဘယ်လို အကျိုးအမြတ်ပြန်ရနိုင်မယ် ဆိုတာကို မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့ လိုအပ် လာပါပြီ ။ ဒီအပိုင်းဟာ Business Model, Revenue Stream, Monetization Strategy စတာတွေ ပါဝင်တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ် ။ (Digital) Product တစ်ခု တည်ဆောက်တယ်ဆိုတာ (charity work မဟုတ်တဲ့အတွက်) ဒီ Product ကနေ ဘယ်လို အကျိုးအမြတ် ပြန်ရနိုင်မယ် ဆိုတာကို တတ်နိင်သမျှ ထင်သာမြင်သာ ရှိရှိ သတ်မှတ်ထားဖို့ လိုအပ်ပါမယ် ။

 

ဒုတိယ အချက်ကတော့ “ဒီ Product က ဘယ်လို ရေရှည် တည်တံ့နိုင်မယ်” ဆိုတာ ဖြစ်ပါတယ် ။ ရေရှည် တည်တံ့နိုင်မှု အပိုင်းမှာ “Product ရဲ့ သဘာဝကို လိုက်ပြီး သင့်တော်တဲ့ အချိန်ကာလ (daily, weekly, monthly) အတွင်းမှာ User တွေရဲ့ ပုံမှန် အသုံးပြုနေမှုကို ရရှိဖို့” (Retention) အပိုင်း ၊ “User အသစ်တွေ ပုံမှန် တိုးပွားနေဖို့” (User Acquisition & Growth) အပိုင်း နဲ့ “မိမိ User တွေရဲ့ အသုံးပြုမှု ပုံစံတွေ ၊ လိုအပ်ချက်တွေ ပြောင်းလဲလာတဲ့ အခါမှာ ဆက်လက် အသုံးဝင်နေအောင် လိုက်ပြီး ပြောင်းလဲပေးနိုင်မှု” (Adaptation) အပိုင်းတွေ ပါဝင်ပါတယ် ။

 

ပထမဦးဆုံး အဆင့်ရဲ့ တတိယအချက်ကတော့ “အသုံးပြုသူ အများစုအတွက် အဆင်ပြေပြေ အသုံးပြုနိုင်တယ်ဆိုတဲ့ အခြေအနေမှာ ရှိနေဖို့” (Usability) အပိုင်း ဖြစ်ပါတယ် ။ Usability ဆိုတာ (အသုံးပြုသူ အများစုအတွက်) Usable ဖြစ်မဖြစ် ဆိုတာကို တိုင်းတာပြီး Product ကို ပြန်လည် မွန်းမံတာ ဖြစ်တဲ့အတွက် User Experience ဆိုတဲ့ အပိုင်းထက် ပိုပြီး အခြေခံကျပါတယ် ။

 

ဒီ ၃ ချက်စလုံးဟာ Software တစ်ခုကို Product တစ်ခုအနေနဲ့ စတင်ချဉ်းကပ်ပြီ ဆိုတာနဲ့ အကြေအလည် အဖြေရှာထားရမဲ့ ပထမအဆင့် အချက်တွေ ဖြစ်ပါတယ် (ဘယ်လို အဖြေရှာနိုင်မယ် ဆိုတာကိုတော့ တစ်ချက်ချင်းစီ အလိုက် သီးသန့် ပြန်လည် လေ့လာဖို့ လိုအပ်ပါလိမ့်မယ်) ။

 

Product တစ်ခုအနေနဲ့ အဲဒီ အပိုင်း ၃ ပိုင်းကို ကျေညက်ပြီ ဆိုတဲ့အခါကျမှ တခြားကျန်တဲ့ product level concept တွေဖြစ်တဲ့ Product Positioning အပိုင်း ၊ Strategic Partnership အပိုင်း ၊ (တခြား Product တွေနဲ့) Integration အပိုင်း ၊ Product Roadmap အပိုင်းတွေကို ဆက်လက် ချဲ့ထွင်နိုင်မှာ ဖြစ်ပါတယ် ။

 

နောက်ပြီး Program ဆိုတာနဲ့ Software ဆိုတာနဲ့ ကြားမှာလဲ ကွာခြားချက်လေးတွေ ရှိနေပါသေးတယ် (ဒါကတော့ အတွေ့အကြုံမရှိသေးတဲ့ Developer တွေ ကြားမှာ အဖြစ်များပါတယ်) ။

Program ဆိုတာရယ် Software ဆိုတာနဲ့ Product ဆိုတာရယ်ကို ပိုကွဲကွဲပြားပြားနားလည်နိုင်ဖို့ Music Streaming အပိုင်းကို Case Study အနေနဲ့ ကြည့်နိုင်ပါတယ် ။

 

ဒီ Case Study မှာ “Server ပေါ်က သီချင်း File တစ်ခုကို Mobile App ကနေတဆင့် download ဆွဲစရာ မလိုဘဲ နားထောင်နိုင်ဖို့” ဆိုတာကို Program အနေနဲ့ နားလည်နိုင်ပါတယ် ။ Program တစ်ခုဟာ များသောအားဖြင့် အလုပ်လုပ်ပုံ တစ်ခုပဲ ပါဝင်လေ့ရှိပါတယ် ။

 

အဲဒါကိုပဲ Software တစ်ခု ဖြစ်လာအောင် တည်ဆောက်မယ်ဆိုရင် “သီချင်း တစ်ပုဒ်ကို နားထောင်နိုင်ဖို့” ဆိုတာတင် မဟုတ်တော့ဘဲ “အဆိုတော် အလိုက် သီချင်းတွေ တွေ့ရဖို့” ၊ “ကြိုက်တဲ့ သီချင်းတွေ တွေ့ရင် မှတ်သားထားနိုင်ဖို့” ၊ “တခြား phone တစ်ခုမှာ login ဝင်ပြီး ကိုယ်မှတ်ထားတဲ့ သီချင်းတွေကို ပြန်မြင်နိုင်ဖို့” စတဲ့ peripheral use-case တွေပါ ပါဝင်လာတော့မှာ ဖြစ်ပါတယ် ။

 

ဒီ Music Streaming App ကိုပဲ Product တစ်ခုအနေနဲ့ ချဉ်းကပ်ပြီ ဆိုတဲ့ အခါမှာတော့
၁) ဒီ music streaming app ကနေတဆင့် ဘယ်အချိန်မှာ ဘယ်လို အကျိုးအမြတ်တွေ ပြန်လည် ဖြစ်ထွန်းနိုင်မလဲ
၂) ဒီ music streaming app ကို ရှိထားပြီးသား user တွေ (သတ်မှတ်ကာလအတွင်း) ပုံမှန် သုံးစွဲနေအောင် ၊ user အသစ်တွေ ပုံမှန် တိုးပွားနေအောင် ဘယ်လို အစီအစဉ်တွေ ချသွားမလဲ
၃) ဒီ App က လက်ရှိ အသုံးပြုနေတဲ့ user ပုံစံကွဲတိုင်းအတွက် ၊ အသစ်တိုးလာတဲ့ user ပုံစံကွဲတွေအတွက် အဆင်ပြေပြေနဲ့ အသုံးပြုနေနိုင်တယ် ဆိုတာမျိုး ဖြစ်နေရဲ့လား
စတဲ့ အချက်တွေကိုပါ မဖြစ်မနေ ထည့်သွင်း အဖြေရှာ ကြရတော့မှာ ဖြစ်ပါတယ် ။

 

ဒါကတော့ Developer လောက ကနေ Product လောကကို ခြေလှမ်းစတော့မယ် ဆိုတာနဲ့ ပထမအဆင့် နားလည်ထားဖို့ လိုအပ်မဲ့ အချက် ၃ ချက် ဖြစ်ပါတယ် ။ 

 

 

 

Assets