Home > Articles > Setting up Value Proposition for a (Digital) Product

Setting up Value Proposition for a (Digital) Product

Setting up Value Proposition for a (Digital) Product

Ko Aung Pyae Phyo | 30 September, 2020

Article Description

Setting up Value Proposition for a (Digital) Product

Product တစ်ခုရဲ့ Value Proposition ကို တည်ဆောက်နိုင်ဖို့ ချဉ်းကပ်တဲ့အခါမှာ အစိတ်အပိုင်း ၃ ပိုင်းခွဲပြီး ချဉ်းကပ်နိုင်ပါတယ် ။

 

အဲဒါတွေကတော့
၁) Must Have တွေ
၂) Performer တွေနဲ့
၃) Delighter တွေပဲ ဖြစ်ကြပါတယ် ။

 

Must Have ဆိုတာ မရှိမဖြစ် ဆိုတဲ့သဘောပါ ။ ဒီအစိတ်အပိုင်း (အလုပ်လုပ်ပုံ) မှ မရှိရငိ User အများစုက စတင် အသုံးပြုမှာ မဟုတ်ဘူး ဆိုတဲ့ သဘော ဖြစ်ပါတယ် ။

 

ကားတစ်စီးအနေနဲ့ ဥပမာပေးရရင် ခါးပတ်ဆိုပါတော့ ။ ဒီ “ခါးပတ်” ဆိုတဲ့ အစိတ်အပိုင်းကို ကားတစ်စီးရဲ့ Must Have အနေနဲ့ မြင်ကြည့်နိုင်ပါတယ် ။ တခြား ဘယ်အစိတ်အပိုင်းတွေကို ဘယ်လောက် ကြိုက်နေကြိုက်နေ ခါးပတ်မပါတဲ့ (ဝယ်ပြီးမှ ကိုယ့်ဘာသာလဲ ခါးပတ် ပြန်တပ်လို့ မရတဲ့) ကား ဆိုရင်တော့ အများစုက Safety Purpose အရ ဝယ်ယူဖို့ စဉ်းစားကြမှာ မဟုတ်ပါဘူး ။

 

ခါးပတ်လိုပဲ Must Have အနေနဲ့ သတ်မှတ်လို့ရနိုင်တဲ့ တခြား အစိတ်အပိုင်းတွေက Wiper တို့ Headlight တို့ ဖြစ်ကြပါတယ် ။ ယေဘူယျ အားဖြင့် ကားတစ်စီးအနေနဲ့ ဒီအစိတ်အပိုင်းတွေမှ မပါဝင်ရင် ပြည့်ပြည့်ဝဝ အလုပ်လုပ်တယ် လို့ သတ်မှတ်လို့ မရတဲ့ အစိတ်အပိုင်းတွေပါ ။

 

Product အမျိုးအစား တစ်ခုချင်းစီမှာလဲ ဒီလို Must Have အနေနဲ့ သတ်မှတ်နိုင်တဲ့ အလုပ်လုပ်ပုံတွေ ရှိကြပါတယ် ။ ဥပမာ Internet Search Engine လို့ ပြောလိုက်ရင် “ရှာလိုက်တဲ့ Keyword နဲ့ လိုက်လျောညီထွေဖြစ်တဲ့ Web Pages တွေကို Result အနေနဲ့ ပြပေးဖို့” ၊ Social Network လို့ ပြောလိုက်ရင် “သူငယ်ချင်းတွေ မိသားစုအသိုင်းအဝိုင်းတွေနဲ့ Update တွေ အပြန်အလှန် ဖလှယ်နိုင်ဖို့” ၊ Ride Hailing လို့ ပြောလိုက်ရင် “ကိုယ်သွားချင်တဲ့နေရာကို လိုက်ပို့ပေးနိုင်တဲ့ မော်တော်ယဉ်ကို အလွယ်တကူ ခေါ်ယူနိုင်ဖို့” စသည်ဖြင့် မြင်ယောင်ကြည့်နိုင်ပါတယ် ။

 

ဒါက အထက်ပါ Product အမျိုးအစား တစ်ခုစီမှာ ရှိတဲ့ Must Have အစိတ်အပိုင်း တစ်ခုစီပါ ။ တကယ်လက်တွေ့မှာ Product အမျိုးအစား တစ်ခုရဲ့ Maturity အပေါ်မူတည်ပြီး Must Have အစိတ်အပိုင်း ဒါဇင်ဝက် (၆ခု) လောက်ကနေ တစ်ဒါဇင်ခွဲ (၁၈ခု) လောက်အထိ ရှိနေနိုင်ပါတယ် ။ Product အမျိုးအစား တစ်ခုက ပိုပြီး Mature ဖြစ်လေ Must Have အစိတ်အပိုင်း ပိုမို များပြားလေ ပါပဲ ။

 

ကိုယ်က Product တစ်ခု (Iteration တစ်ခု) ရဲ့ Value Proposition ကို တည်ဆောက်တဲ့အခါမှာ ဒီ Product အမျိုးအစားအနေနဲ့ Cover ဖြစ်ဖို့ လိုတဲ့ Must Have အစိတ်အပိုင်းတွေကို ပြည့်ပြည့်ဝဝ Identify ပြုလုပ် ထည့်သွင်း စဉ်းစားနိုင်ဖို့ လိုအပ်ပါတယ် ။ ဒါမှ “မဖြစ်မနေလိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုခု လွဲချော် / ကျန်ခဲ့လို့ User အများစုအတွက် အသုံးမပြုနိုင် ​ဖြစ်ရတယ်” ဆိုတာမျိုးကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ် ။ ဒါဟာ Value Proposition တစ်ခု တည်ဆောက်မှုရဲ့ ပထမ အစိတ်အပိုင်းပါပဲ ။

 

အစ်ကိုတစ်ယောက် ပြောတဲ့စကားနဲ့ပြောရရင် “Must-Have ဆိုတာ မပါရင် User တွေ ဆဲတာခံရမဲ့ အစိတ်အပိုင်းတွေပါ” ။

 

သတိပြုရမှာက ကိုယ့် Product နဲ့ Competitor တွေရဲ့ Product နဲ့ ကြားမှာ Must-Have တွေက အများစု တူညီကြလိမ့်မယ် ဆိုတဲ့ အချက် ဖြစ်ပါတယ် ။

 

နောက်တစ်ခုကတော့ Performer အစိတ်အပိုင်းတွေ ဖြစ်ပါတယ် ။ Performer ဆိုတာ နည်းလေ (ဒါမှမဟုတ် များလေ) ပိုကောင်းလေ ဆိုတဲ့ အစိတ်အပိုင်းတွေပါ ။ ခုနက ကားဥပမာနဲ့ပဲ ပြောရရင် “ဆီစားနှုံး” ဆိုပါတော့ ။ ကားတစ်စီိးရဲ့ “ဆီစားနှုံး” ဆိုတဲ့ အစိတ်အပိုင်းဟာ နည်းလေ ပိုကောငိးလေပဲ ဆိုတဲ့သဘော ဖြစ်ပါတယ် ။

 

ကားအမျိုးအစား တစ်ခုနဲ့ တစ်ခုနဲ့ ကြားမှာ ဆီစားနှုံးတွေတော်တော်လေး ကွာခြားကြပါတယ် ။ ကားဝယ်သူ တစ်ယောက်အနေနဲ့ ကလည်း ကားရဲ့ တခြားအချက်တွေနဲ့ သူဘယ်လိုကားမျိုး လိုချင်တယ် ဆိုတာတွေကို ချိန်ထိုးပြီးမှ ဆီစားနှုံးကို စဉ်းစားကြလေ့ရှိကြပါတယ် ။ ဥပမာ Sedan လိုချင်တဲ့လူက ဆီစားနှုံး တစ်ခုထဲကြောင့် Mini-van ကို ပြောင်းစီးလေ့ မရှိသလိုမျိုး ဖြစ်ပါတယ် ။

 

ဆီစား မတရားများတဲ့ ကားတွေ ရှိသလို ဆီစား အလွန့်အလွန် သက်သာတဲ့ ကားတွေလဲ ရှိပေမဲ့ အများစုက အခြားအချက်တွေနဲ့ ချိန်ထိုးပြီး သူတို့ အကြိုက်နဲ့လဲ ကိုက်တဲ့ Above Average လဲ ဆီစားသက်သာတဲ့ ကားတွေကို ရွေးလေ့ရှိကြတယ် လို့ Market Data များအရ သိရပါတယ် ။

 

ဒီကြားထဲမှာ ဆီဘယ်လောက်စားတယ် ဆိုတာကို တစက်ကလေးမှ ဂရုမစိုက်တဲ့ လူအနည်းငယ်နဲ့ ဆီစား အနည်းဆုံးဖြစ်မှ ဝယ်ယူလိုတဲ့ လူအနည်းငယ် တို့လဲ ရှိကြပါသေးတယ် ။

 

ဒါဟာ Performer အစိတ်အပိုင်းတွေရဲ့ သဘောသဘာဝတွေ ဖြစ်ပါတယ် ။ ပိုနည်းလေ (ဒါမှမဟုတ် ပိုများလေ) ကောင်းလေ ဆိုတဲ့ သဘောဖြစ်ပြီး အစွန်း ၂ ဖက် ကြားမှာ User အများစု လက်ခံတဲ့ ပမာဏ တစ်ခု ရှိနေတယ် ဆိုတဲ့ သဘောပါ ။

 

Must-Have တွေနဲ့ Performer အစိတ်အပိုင်းတွေနဲ့မှာ အဓိက ကွာခြားတဲ့အချက်က Must-Have တွေက မပါဝင်ရင် အဆဲခံရမှာ ဆိုပေမဲ့ လိုအပ်သလောက် ပမာဏအထိ ပါလာပြီးပြီ ဆိုရင်တော့ ထပ်တိုးပြီးပါဝင်လဲ အသုံးပြုသူကို ပိုပြီး အကျိုး မရှိစေတော့ဘူး ဆိုတဲ့ အချက် ဖြစ်ပါတယ် ။ ဥပမာ လူ ၄ ယောက်ပဲ စီးနိုင်တဲ့ ကားတစ်စီးအတွက် ခါးပတ် ၁၀ ချောင်းတောင် ပါဝင်လာလို့ ထူးပြီး အသုံးမဝင်တော့သလိုပါပဲ။

 

ကိုယ့် Product Category နဲ့. Target ထားတဲ့ User အမျိုးအစားအပေါ်မူတည်ပြီး ဘယ် Performer အစိတ်အပိုင်းတွေမှာ ကိုယ့် Product က အားအသာဆုံး ဖြစ်အောင် တည်ဆောက်မယ် ဆိုတာနဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေမှာ လက်ခံလောက်တဲ့ ပမာဏ ရှိနေအောင် ဘယ်လို စီစဉ်မယ် ဆိုတာက Value Proposition ရဲ့ ဒုတိယ အစိတ်အပိုင်း ဖြစ်ပါတယ် ။

 

ကိုယ်က အားသာဖို့ ရည်ရွယ်တဲ့ Performer အစိတ်အပိုင်းကို ရွေးချယ်တဲ့ အခါမှာ ကိုယ် Target ထားတဲ့ အသုံးပြုသူတွေအတွက် ဒီ Performer အစိတ်အပိုင်းက တကယ် အရေးပါမပါ ဆိုတာနဲ့ နောက် တစ်နှစ်ကနေ ၃ နှစ်အတွင်းမှာ ဘယ် Performer အစိတ်အပိုင်းတွေမှာ ဘယ်လို နည်းပညာတွေက ဘယ်လိုပြောင်းလဲလာမယ် ဆိုတာကိုပါ ထည့်သွင်းစဉ်းစားထားဖို့ လိုအပ်ပါလိမ့်မယ် ။

 

User တွေ တကယ် အရေးမစိုက်တဲ့ Performer အစိတ်အပိုင်းတွေမှာ အားသာအောင် ကြိုးစားမိနေတာမျိုး ၊ နောင်တစ်နှစ်ကနေ ၃နှစ်အတွင်းမှာ ဖြစ်လာနိုင်ချေရှိတဲ့ နည်းပညာပိုင်းဆိုင်ရာ အပြောင်းအလဲ တစ်ခုခုကြောင့် ကိုယ်က အားသာဖို့ ရွေးချယ်ထားတဲ့ Performer အစိတ်အပိုင်းမှာ လုပ်ပုံကိုင်ပုံ ပြောင်းလဲသွားတာမျိုးကို ကြိုမမြင် ကြိုမပြင်ဆင်ထားနိုင်ခဲ့ရင် ကိုယ့် Product အတွက် Knock-Off ကျသွားနိုင်လောက်တဲ့အထိ Risk ကြီးသွားနိုင်မှာ ဖြစ်ပါတယ် ။

 

ဒါ့အပြင် အခြား Performer အစိတ်အပိုင်းတွေမှာလဲ ကိုယ့် Product က အနည်းဆုံးတော့ လက်ခံနိုင်လောက်တဲ့ ပုံစံ ဖြစ်နေအောင် စီစဉ်ရပါလိမ့်ဦးမယ် ။

 

Value Proposition တစ်ခု တည်ဆောက်မှုရဲ့ တတိယ အစိတ်အပိုင်းကတော့ Delighter တွေ ရွေးချယ် ဖန်တီးဖို့ဖြစ်ပါတယ် ။ Product တစ်ခုနဲ့ အခြား Product တစ်ခုဟာ ပါဝင်တဲ့ Delighter အမျိုးအစားတွေ သိသိသာသာ ကွာခြားလေ့ ရှိပါတယ် ။ ဒါကြောင့် Delighter ဟာ အသုံးပြုသူတွေအပေါ်မှာ ရှိတဲ့ ကိုယ့်ရဲ့ နားလည်မှုကို အခြေခံပြီး တည်ထွင်ဖန်တီးရတဲ့ အစိတ်အပိုင်း လို့ နားလည်နိုင်ပါတယ် ။

 

ဒါတောင် တည်ထွင်ဖန်တီးခြင်း (Creative) တစ်ခုတည်းနဲ့ အမှန်တကယ် သက်ရောက်မှု ရှိတဲ့ Delighter တစ်ခု တည်ဆောက်နိုင်ဖို့ ခဲယဉ်းပါသေးတယ် ။ အရေးအကြီးဆုံးက ကိုယ့် Product ရဲ့ အသုံးပြုသူတွေကို ထဲထဲဝင်ဝင် နားလည်မှု ၊ အခြေအနေ တစ်ခုခု အပေါ်မှာ သူတို့နေရာကို ဝင်ပြီး မြင်ကြည့်ပေးနိုင်မှု ပဲ ဖြစ်ပါတယ် ။

 

မော်တော်ကား Example မှာ Delighter အနေနဲ့ပါဝင်လာတာတွေထဲက တစ်ခုက 1950s နှောင်းပိုင်း ထုတ်ကားတွေမှာ ပါဝင်လာတဲ့ Cup Holder တွေ ဖြစ်ပါတယ် ။

 

1950 လောက်ကနေစပြီး Drive Thru တွေ စတင် ခေတ်စားလာခဲ့ပြီး ကားနဲ့ ခရီးသွားသူ အများစုအတွက် Drive Thru တွေကနေ အဆာပြေအစားအသောက်တွေ မှာယူပြီး ကားပေါ်မှာ ကားမောင်းရင်း စားသုံးကြတာဟာ လူအများကြားမှာ ရေပမ်းစားတဲ့ အလေ့အထ တစ်ခုလို ဖြစ်လာပါတယ် ။ အဲဒီအချိန်မှာ ရှိတဲ့ ကား အများအပြားမှာ built-in cup holder မပါဝင်သေးပါဘူး ။ ကားမောင်းလေ့ရှိတဲ့ လူတစ်ယောက် အနေနဲ့ Cup Holder မပါဝင်ဘဲ ကော်ဖီတို့ အအေးတို့ကို ကားမောင်းရင်း (အထူးသဖြင့် ဆိုင်မှာ ကဒ်ထူ Cup Holder လဲ မရှိ ၊ အဖော်လဲ မပါဘဲ) သောက်သုံးဖို့ ဘယ်လောက် အခက်အခဲ ရှိခဲ့မယ် ဆိုတာ မြင်ကြည့်နိုင်ပါလိမ့်တယ် ။

 

ဒါကြောင့် ပထမဦးဆုံး Cup Holder ပါဝင်တဲ့ ကားတစ်စီးကို မောင်းနှင်ရင်း Drive Thru ကနေ ကော်ဖီဝယ် ၊ ကော်ဖီကို Cup Holder ထဲ စိတ်ချလက်ချ ထည့်ပြီး ခရီးဆက်နိုင်ခဲ့တဲ့ ကားမောင်းသူတစ်ယောက်ရဲ့ စိတ်ကျေနပ်မှုကိုလဲ မြင်ယောင်ကြည့်နိုင်ပါလိမ့်မယ် ။ ဒါဟာ Delighter ဆိုတာရဲ့ သဘောတရား ပါပဲ ။

 

အခုဆိုရင်တော့ မော်တော်ကားအများစုမှာ Cup Holder တွေ ပုံစံမျိုးစုံနဲ့ ပါဝင်လာနေပါပြီ ။ နောက်ထပ် အရေးကြီးတဲ့ သတိထားစရာ တစ်ခု ကတော့ Delighter တွေဟာ အသုံးပြုသူအများစုကြားမှာ Norm လို ဖြစ်လာခဲ့ပြီ ဆိုရင် အဲဒီ Delighter ဟာ Must-Have ဖြစ်သွားတယ် ဆိုတဲ့ အချက်ပါပဲ ။

 

GPS လဲ ထိုနည်းလည်းကောင်းပါပဲ ။ အစပိုင်းမှာ Delighter အနေနဲ့ ပါဝင်လာခဲ့ပြီး အခုဆိုရင်တော့ Must-Have အနေနဲ့ ပုံစံ တစ်မျိုး မဟုတ် တစ်မျိုးနဲ့ မော်တော်ကားတွေမှာ ပါဝင်လာနေပြီပဲ ဖြစ်ပါတယ် ။

 

Value Proposition တစ်ခု တည်ဆောက်မှုကို ပြန်ချုံကြည့်မယ် ဆိုရင်
၁) Must-Have တွေ အကုန်လုံး ပါဝင်နေပါစေ ။
၂) ဘယ် Performer မှာ ယှဉ်ပြိုင်မလဲ အထူးဂရုပြုရွေးချယ်ပါ ၊ အခြား Performer တွေမှာလဲ လက်ခံနိုင်တဲ့ ပမာဏ ရှိပါစေ ။
၃) ကိုယ့် အသုံးပြုသူတွေအပေါ်မှာရှိတဲ့ နားလည်မှုကို အဓိက အသုံးပြူပြီး သူတို့အတွက် Psychologically အကျိုးသက်ရောက်မှု အများဆုံး ဖြစ်စေမဲ့ Delighter မျိုးကို တည်ဆောက်နိုင်ပါစေ ။
ဆိုတဲ့ အချက် ၃ ချက်ကို Highlight ပြုလုပ်ပြီး နိဂုံးချုပ်လိုက်ပါတယ်

Assets